
ခုလို အင်မတန်ပူတဲ့လမှာ ကျွန်တော်သိပ်ပြီးခရီးသွားလေ့မရှိပါ။ ဒါ့ကြောင့်ဧပြီလဆို အိမ်မှာပဲနေလေ့ရှိပါတယ်။ ဒီနှစ်အတော်ပူတယ်။ ပြီးခဲ့တဲ့မတ်လက မန္တလေးမှာဟောပြောပွဲသွားတော့ နှစ်ရက်လုံး နှာခေါင်းသွေးလျှံတော့ ဒီနှစ် အိမ်မှာနားတာပိုကောင်းမယ်လို့ စိတ်ကူးထားတာဖြစ်တယ်။
အသက်လေးတွေရလာတော့ကျန်းမာရေးသတိထားရပါတယ်။ ဧပြီလမှာပဲ မုံရွာ၊ ဘုတလင်နယ်ဘက်က ဖိတ်တဲ့ စာပေဟောပြောပွဲကို တောင်းပန်ပြီး မသွားခဲ့ပါဘူး။ ဒါပေမဲ့ ဧပြီ (၂၄)ရက်မှာ ကျွန်တော့်မိတ်ဆွေ ကိုဌေးအောင်က ကျွန်တော့်ကို
ဖိတ်တယ်။
သူဟာ သူ့အမေ အမေထွားရဲ့ ကျေးဇူးကို သတိရတဲ့နေနဲ့ အဖေနဲ့အမေ ကြေးရုပ်ကိုထုတားတာရှိတယ်။
ကြေးရုပ်ဖွင့်ပွဲကို သီတဂူဆရာတော်လာရောက်ပြီး တရားချီးမြှင့်နိုင်တဲ့ အချိန်နဲ့ တိုက်ဆိုင်ဖွင့်တာဖြစ်တယ်။
“ဧပြီကတော့ တကယ်ပူတယ်။ (၂၄)ရက်ဆိုတော့ နေဟာခေါင်းပေါ် တည့်တည့်ကျတဲ့ အချိန်ပဲ” လို့သူ့ကို ကျွန်တော်ကပြောပါတယ်။
ဒါပေမဲ့ သူက “ဆရာရယ်၊ ဆရာ့ကို ကျွန်တော်က ဖခင်လို သဘောထားတာ ဆရာလည်းသိပါတယ်။ ဒီအတွက် ချီးမြှင့်ပေးပါ” လို့ပြောတော့ ကျွန်တော်လည်း မနေသာတော့ပါဘူး။
ကျွန်တော့်မိတ်ဆွေတွေဖြစ်တဲ့ ဆရာကြီး ဦးထွန်းတင့်နဲ့ ကိုသန်းစိုးတို့ကို ခေါ်ခဲ့မယ်ဆိုပြီး မကွေးမြို့ကို ဧပြီ (၂၄)ရက်က သွားခဲ့ပါတယ်။
ကျွန်တော်တို့ကို ကားနဲ့ကြိုကာ ကားကြုံလို့ ခွင့်ပြုသူကတော့ ကိုဌေးအောင်မိတ်ဆွေ ရေနံချောင်းသား ဦးတင်ကို ဖြစ်ပါတယ်။
သူဟာဘာသာရေးမှာ နှံ့စပ်ကျွမ်းကျင်သူတွေဖြစ်ကြတော့ တစ်လမ်းလုံးလိုလို အဖွဲ့သားတွေနဲ့ လေပေးဖြောင့်လာပါတယ်။
လမ်းမှာ ကိုတင်ကိုက “လောကဓံ ရှစ်ပါး” ကို လက်တွေ့ခံလာရပုံကို ပြောပြပါတယ်။
သူ့ လုံ့လ၀ီရိယအရင်းတည်ကာ ကြိုးစားတဲ့အခါ ချမ်းသာခဲ့တယ်။ ဒါပေမဲ့ လောဘကြီးပြီး အခြေအနေမပေးတဲ့အခါ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲခဲ့တယ်။ ပြီးတော့ အခြေအနေပေးတဲ့အခါ ပြန်ချမ်းသာတာကိုပြောပြတယ်။ ၀တ္ထုတစ်ပုဒ်ကို ဖတ်နေရသလို အင်မတန် နားထောင်ကောင်းပါတယ်။ သူဟာ အလှူဒါနတွေ မလျှော့ပဲ ကြိုးစားရုန်းကန်ကာ တိုးတက်လာတဲ့ဘ၀ကို ပြောပြတော့ ကျွန်တော်တို့ ၀မ်းသာရတယ်။
သူဆင်းရဲတဲ့အခါ သူ့အပေါ် နားမလည်တဲ့ မိတ်ဆွေတွေ အများကြီးအကြောင်း ပြောပြတယ်။
သူ မငြိုငြင်ဘဲ ခွင့်လွှတ်တဲ့အတွက် ခုအချိန်မှာ သူအဆင်ပြေနေတာကိုလည်း ပြောပြတယ်။
သူပြောတဲ့အထဲမှာ မိမိကိုယ်တိုင်ချမ်းသာမယ်ဆိုရင် အတိုင်းအဆမရှိ ချမ်းသာနိုင်ပေမယ့် တိုင်းပြည်နဲ့ပြည်သူတွေကိုထောက်ထားပြီး အလုပ်လုပ်နေသူတစ်ယောက် အကြောင်းလည်းပါပါတယ်။

အဲဒီတစ်ယောက်ကတော့ ကျွန်တော်တို့သွားနေတဲ့ ပွဲကိုကျင်းပသူ ကိုဌေးအောင်ပဲ ဖြစ်တယ်။ ကိုတင်ကိုက သာမန်ပြောတာပါပဲ။
“ကျွန်တော် ဒီ ကိုဌေးအောင်ရဲ့ စိတ်ဓာတ်ကိုတော့ချီးမွမ်းမိတယ်။ ဘာကြောင့်လဲဆိုတော့ သူအင်မတန် ရိုးဖြောင့်တဲ့သူပဲ၊ သူ့ရဲ့လုပ်ငန်းအပေါ် သစ္စာအင်မတန်ရှိတယ်။”
“ဘယ်လိုမျိုးလဲ”
“သူ ရန်ကုန်ကို ပဲဆီတွေ ပို့တဲ့အခါ ဆီဘောက်ဆာကြီးတွေနဲ့ သယ်ရတယ်။ ရန်ကုန်ရောက်ပြီး ပဲဆီတွေချပြီးရင် အဲဒီဆီဘောက်ဆာကားတွေကို အလွတ်ကြီးပြန်တက်လာစေတယ်။ စားအုန်းဆီသမားတွေက “ခင်ဗျားကား ခါလီပြန်မယ့်အတူတူ ကျုပ်တို့စားအုန်းဆီတွေ တင်ပါလား။ န၀လီခပေးမယ်” ဆိုပြီး အကြိမ်ကြိမ် ကမ်းလှမ်းပါတယ်။ ဒါပေမဲ့ ကိုဌေးအောင်က ဘယ်တော့မှ လက်မခံဘူး”
“သူ စားအုန်းဆီတွေ ရောတယ်လို့ နာမည်ပျက်မှာပေါ့”
“မှန်တယ်။ နေရင်းထိုင်ရင်းတောင် နာမည်ဖျက်နေကြတာပဲ။ သူ့ရဲ့ ပဲဆီတွေဟာ ရေခဲသေတ္တာထဲထည့်ရင် ခဲတယ်ဆိုပြီးပြောကြတယ်။ သူလည်း ဟုတ်ပါတယ်။ ပဲဆီဟာ ခဲပါတယ် လို့ဝန်ခံတယ်။ လူတွေ မသိလို့ပါ။”
“မြေပဲဆီလည်း ရေခဲသေတ္တာမှာ ခဲပါတယ်။ အချို့က စားအုန်းဆီတွေထဲကို ဆပ်ပြာမှုန့်တွေထည့်ပြီး ရေခဲသေတ္တာထဲထည့်ရင် မခဲအောင် ဖန်တီးတယ်။ ဒါဟာ အင်မတန် အန္တရာယ်များပါတယ်။”
“ဆပ်ပြာမှုန့်တွေထည့်ရင် ဘာလို့ မခဲတာလဲ”
“ဒီလိုဗျ၊ ရေဟာ (၁၀၀) ဒီဂရီမှာ ဆူတယ်။ ဒါပေမဲ့ ဆားထည့်ဖျော်ထားရင် (၁၀၀) ဒီဂရီ အထက်မှာမှ ဆူတော့တယ်။ ဒါကို Elevation of Boiling Point လို့ခေါ်တယ်။ ဒီလို ဆားပါတဲ့ ရေကို အအေးခံရင် သုညဒီဂရီမှာ မခဲတော့ဘူး။ သူ့အောက်ရောက်မှ ခဲတယ်။ ဒါကို Depression of Freezing Point လို့ခေါ်ပါတယ်။ ဒီအတိုင်းပဲ ဆပ်ပြာဟာ ဆီထဲမှာ ပျော်ဝင်တဲ့ ဆားတစ်မျိုးဖြစ်တယ်။ သူပျော်ဝင်နေရင် တော်ရုံမခဲတော့ဘူးပေါ့။ တစ်ဆက်တည်းပြောလိုတာက အကြော်ကြော်တဲ့ဆီတွေထဲ ပလတ်စတစ်တွေကို ပျော်ဝင်စေထားရင် အပူပေးတဲ့အခါ ဆီရဲ့အပူချိန်ဟာအတော်လေး မြင့်မြင့်ထိ တက်နိုင်ပြီး အကြော်တွေ ကြွပ်ရွတာပေါ့”
“လူတွေဟာ လုပ်လို့ရတာ အကုန်လုပ်တာပဲ”
“သူတို့ကို ပညာပေးရမှာပေါ့။ ဒါမျိုးဟာ လောဘကြောင့် ဖြစ်တာပဲ။ ကိုဌေးအောင်အကြောင်း ဆက်ပြောပါဦး”

“သူဟာ စီးပွားရေးသမားပဲ လောဘရှိမှာပေါ့။ ဒါပေမဲ့ သူသဘောပေါက်တာက ဒီလုပ်ငန်းကြီးမှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေနဲ့သူဟာ တစ်လှေတည်းစီး တစ်ခရီးတည်း သွားတဲ့ ညီအစ်ကို မောင်နှမတွေလို့ ယူဆတယ်။ ဒါ့အပြင် သူ့ဆီကို စိတ်ချလက်ချ သုံးစွဲတဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေ၊ စားသုံးသူတွေအပေါ်လည်း သူ သစ္စာမဖောက်ဘူး။ ကျွန်တော် အကြောင်းအရာတစ်ခုကို ပြောပြမယ်။”
“၂၀၁၆ ခုနှစ်မှာ မြေပဲတွေ အတော်ရှားတယ်။ ဦးဌေးအောင်ကတော့ လုံလောက်အောင် စုဆောင်းထားတယ်။ ဒီနေရာမှာ တရုတ်က ၀ယ်လက်တွေ ရောက်လာတယ်။ သူ့ဆီကို ဈေးအဆမတန်ပေးပြီး လာဝယ်တယ်။ သူ့အနေနဲ့ မြေပဲဆန်ကို ဒီအတိုင်းရောင်းလို့ရှိရင် ဆီကြိတ်ရောင်းတာထက် ပိုမြတ်မယ်။ ဒါကို သူသိတယ်။”
“သူ မရောင်းဘူးလား ကိုတင်ကို”
“သူ မရောင်းဘူး၊ ကျွန်တော်တို့လည်းတိုက်တွန်းတာပေါ့။ ဒီလိုရောင်းရင်ပြီးတာပဲဆိုတော့ သူပြောတယ်။ သူ့ရဲ့ဝန်ထမ်းတွေ အလုပ်မရပဲ ဖြစ်မယ်။ သူ့ရဲ့ စားသုံးသူတွေ မစားရပဲဖြစ်မယ်။ သူ့ရဲ့ကိုယ်စားလှယ်ကြီးတွေ ဆီကောင်းကောင်းရောင်းစရာမရှိဖြစ်ကုန်မယ်ဆိုပြီး တွက်ပြတယ်။”



ကျွန်တော် အတော်အံ့သြသွားတယ်။ ကုန်သည်တွေဆိုတာ ဘနဖူး သိုက်တူးတယ် မဟုတ်လား။ သူ ဒီလိုလူမဟုတ်ဘူး။ သူ့ရဲ့မြော်မြင်နိုင်တဲ့ စွမ်းရည်ကို ကျွန်တော် တုန်လှုပ်သွားတယ်။
မြေပဲဆံကို ဈေးကြီးကြီးပေးပြီးဝယ်တဲ့ အကွက်ဟာ စီးပွားရေးသာမက နိုင်ငံရေးအတွက်ပါ ပါနေတယ်။
ကျွန်တော်တို့ဟာ ကျွန်တော်တို့မြေပေါ်မှာ ကျွန်တော်တို့ သီးနှံတွေနဲ့ နိုင်ငံခြားသားကျွန်တွေ ဖြစ်ခဲ့ဖူးပြီပဲ။
ကျွန်တော်တို့ သတိမရှိရင် ဒီလိုအဖြစ်မျိုး တစ်ပတ်လည်လာနိုင်တာပဲ မဟုတ်လား။
“ကိုတင်ကိုရေ ကျွန်တော်တော့ ကိုဌေးအောင်ကို အရမ်းအထင်ကြီးသွားတယ်။”
“ဘယ်လိုလဲဆရာ၊ ဆရာတို့က အမြော်အမြင်ရှိတဲ့သူတွေလေ၊ ဆရာက စာဖတ်တယ်ဆိုတော့ ကိုဌေးအောင်ကို အထင်ကြီးရတာ အကြောင်းရှိမှာပေါ့”
“ရှိတယ်၊ ခင်ဗျား မဟတ္တမဂန္ဓီကို ကြားဖူးလား”
“ကြားဖူးတာပေါ့။”
“သူ့ပုံရော မှတ်မိလား”
“အင်း၊ လန်ကွတ်တီလေးနဲ့ ဗိုင်းငင်နေတဲ့ပုံ မဟုတ်လား”
“ဟုတ်တယ်၊ လန်ကွတ်တီတော့မဟုတ်ဘူး။ ဒိုတီလို့ခေါ်တယ်ထင်တယ်။ သူဟာချည်ထည်ဝတ်ထားတယ်။ ပြီးတော့ ဗိုင်းငင့်နေတာ တွေ့မှာပေါ့။ သူ ဘာအတွက် ဒီလိုလုပ်နေတာလဲ”
“ပြည်တွင်းဖြစ်ကို အားပေးဖို့အတွက် လှုံဆော်တယ်လို့ ကျွန်တော်နားလည်တယ် ဆရာ”
“မှန်ပါတယ်။ ဒါပေမဲ့ ဘာကြောင့်ပြည်တွင်းဖြစ်ကို အားပေးဖို့နှိုးဆော်လဲဆိုတာကို မစဉ်းစားကြဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ဟာ ပြည်တွင်းဖြစ်ဟာ ညံ့နေပြီး ဈေးကြီးနေရင် ပြည်တွင်းဖြစ်ကို အားပေးနိုင်ကြပါ့မလား”
“ဒါတော့ဆရာ၊ အင်မတန်မျိုးချစ်စိတ်ရှိတဲ့ သူအချို့တော့ အားပေးချင်ပေးမှာပေါ့။ အများစုကတော့ ဈေးပေါပြီး ပိုကောင်းတာကိုပဲ သုံးစွဲမှာပေါ့”
“မှန်ပါတယ်။ ဒါကို ဂန္ဓီကြီးလည်းသိပါတယ်။ ဒါပေမဲ့ သူ့ရည်ရွယ်ချက်က ပြည်တွင်းဖြစ်ကို အားပေးရုံသက်သက် မဟုတ်ဘူး။ နိုင်ငံရေးတွေပါနေတယ်။ ဒါကြောင့် အင်္ဂလိပ်အစိုးရက သူ့ကို ဖမ်းဆီးချုပ်နှောင်တာပေါ့”
“အဲဒါတော့ ကျွန်တော်တို့ မသိဘူး ဆရာ”
“အင်္ဂလိပ်တွေမ၀င်လာခင်က အိန္ဒိယမှာ ၀ါဂွမ်းတွေ စိုက်တယ်။ ချည်တွေထုတ်တယ်။ ဆိုးတယ်။ ရက်ကန်းရက်ကြတယ်။ ဒီလုပ်ငန်းဟာ မကြီးပေမယ့် အတော်ကျယ်ပြန့်တယ်”
“ဟုတ်တယ်။ ကျွန်တော်တို့ တောနယ်ဘက်တွေမှာ ရက်ကန်းစင်တွေ ရှိခဲ့တယ်”
“မှန်တာပေါ့။ ကျွန်တော်က မွန်ပြည်နယ် ဘီလူးကျွန်းကပါ။ ကျွန်တော်တို့ ဘီလူးကျွန်းချောင်းဆုံက မုကွဲရွာဆိုတာ ရက်ကန်းနဲ့ နာမည်ကြီးတဲ့ရွာ ဖြစ်တယ်။ ဒီလိုပဲ မော်လမြိုင် မုဒုံလည်း ရက်ကန်းစင်တွေ အများကြီး ရှိခဲ့တယ်။ အဲဒီလုပ်ငန်းတွေ ခုတော့ မရှိတော့ဘူး”
“မြန်မာပြည်အနှံ့မှာ ရက်ကန်းတွေ ရှိခဲ့တာပဲ၊ ယောက်ျားများ စာမတက်ရင် အကန်းနဲ့တူတယ်။ မိန်းမတွေ ရက်ကန်းမတက် အကျိုးနဲ့တူတယ်”
“ဟုတ်တယ်။ အိန္ဒိယမှာလည်း ဒီလိုပဲပေါ့။ ဒါပေမဲ့ အင်္ဂလိပ်တွေမှာ နည်းပညာ ရှိတယ်။ သူတို့ဟာ ၀ါဂွမ်းတွေကို ဈေးကြီးကြီး ပေးဝယ်တယ်။ ပြီးတော့ အထည်တွေကို ဈေးပေါပေါနဲ့ ရောင်းတယ်”
“စီးပွားတိုက်ကွက်လား”
“ဒီလိုပြောနိုင်ပါတယ်။ အင်္ဂလန်မှာစက်မှုထွန်းကားနေပြီ။ သူတို့မှာ အင်မတန်ခေတ်မီတဲ့ စက်ရက်ကန်းတွေရှိနေတယ်။ တဖြည်းဖြည်းနဲ့ ပြည်တွင်းရက်ကန်းစင်တွေ ပြုတ်တယ်။ ရက်ကန်းစင်တွေ မရှိတော့ရင် ၀ါဂွမ်းတွေကို ဈေးကြီးကြီးပေးစရာ မလိုတော့ဘူး။ ပြည်တွင်းအထည်တွေမထွက်လာရင် ပြည်ပအထည်တွေကို ဈေးကြီးကြီးနဲ့ ရောင်းလို့ရလာပြီပေါ့”
“အတော်ဆိုးတာပဲ”
“ဟုတ်တယ်။မဟတ္တမဂန္ဓီက သဘောပေါက်တယ်။ ဒါကြောင့် ဗိုင်းငင့်တဲ့ပုံလေးဟာ သူ့အတွက်အမှတ်တရ ဖြစ်စေတာပေါ့။ ဒါပေမဲ့ ဂန္ဓီကို အိန္ဒိယအမျိုးသားတစ်ယောက်ကပဲ လုပ်ကြံလိုက်တယ်။ ထုံးစံအတိုင်း ဘယ်သူခိုင်းတယ်ဆိုတာ ယနေ့ထိမသိကြဘူးပေါ့”
“ကုန်သွယ်ရေးဟာ အင်မတန် အရေးကြီးတာပဲပေါ့”
“ဟုတ်တယ်လေ၊ ကိုဌေးအောင်သာ အမြော်အမြင်မရှိရင် မြေပဲတွေကို ဈေးကြီးကြီးရလို့ ရောင်းလိုက်တယ်ဆိုရင် မြေပဲဆီ ရှားကုန်မယ်။ ဆီသန့်ဈေးတွေ တက်မယ်”
“ဒါဆိုရင် ပြည်ပက မြေပဲဆီတွေဝင်လာမှာပေါ့”
“ဒါဟာလည်း အရေးကြီးတယ်။ ပြည်ပသွင်းကုန်တွေကို ကန့်သတ်ဖို့တော့ လိုတယ်”
“ကျွန်တော်တို့ဟာ ဈေးကွက်စီးပွားရေးစနစ်သွားနေတာကြောင့် ကန့်သတ်လို့ဖြစ်ပါ့မလား”
“အမျိုးသားစီးပွားရေးကို စောင့်ရှောက်တဲ့အဖွဲ့တွေရှိဖို့လိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပစ္စည်းတွေဟာ ပြည်ပနဲ့ ယှဉ်နိုင်ရမယ်”
“ဦးဌေးအောင်က ခုအခါ Local ကနေ International သွားဖို့ ကြိုးစားနေတယ်။ သူ့ရဲ့ဗူးတွေကို နိုင်ငံတကာဈေးကွက်ဝင်ဖို့ ကြိုးစားထုတ်လုပ်နေတယ်”

“ဒါပေမဲ့ ကုန်ကြမ်းတွေ လုံလောက်ဖို့လည်း အရေးကြီးတယ်နော်”
“ဒါပေါ့။ မြေပဲဆိုတာ သဘာဝသီးနှံပဲလေ။ ရာသီဥတုပျက်ရင် အဆင်မပြေဘူး။ အထွက်တိုးတဲ့မျိုးတွေလိုတယ်။ ပြီးတော့ တောင်သူတွေစိုက်ပျိုးနိုင်ဖို့ အကူအညီတွေ ပေးဖို့လိုတယ်”
“ကိုဌေးအောင်လည်း ကြိုးစားနေတာပါပဲ”
ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံပါ။ စိုက်ပျိုးရေးအတွက် စက်ကိရိယာတွေ လိုသလို နည်းပညာတွေလည်း လိုပါတယ်။ ယနေ့ လူအများဟာ ကျန်းမာရေးကို ဦးစားပေးပြီး စားသောက်နေကြပါတယ်။
ဒီအတွက် သြဂဲနစ်စိုက်ပျိုးရေးဖြစ်ဖို့ လိုပါတယ်။ မျိုးကောင်းမျိုးသန့်တွေလိုပါတယ်။ တစ်ပြိုင်တည်းမှာ ဈေးကွက်ကို ပျက်သွားအောင် ဖျက်နိုင်တဲ့ နိုင်ငံခြားအရင်းရှင် လုပ်ငန်းရှင်များ အန္တရာယ်ကိုလည်း ကာကွယ်ပေးသင့်ပါတယ်။

မဟတ္တမဂန္ဓီဟာ တိုင်းတစ်ပါးအစိုးရလက်ထက်မှာ အမြော်အမြင်ကြီးစွာနဲ့ အသက်ပေးကာ ပြည်သူအတွက်လမ်းပြသွားသူ ဖြစ်ပါတယ်။ ယနေ့မှာတော့ ကျွန်တော်တို့ အစိုးရဟာ ပြည်သူ့အစိုးရပါ။ ကျွန်တော်တို့ ပြည်သူတွေဟာ အစိုးရနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခွင့် ရနေပြီဖြစ်ပါတယ်။ သို့သော် အမှားတော့ခံမှာမဟုတ်ဘူး။ ငါးစာဟပ်မိရင် ငါးမျှားချိတ်မှာ အသက်ပျောက်နိုင်ပါတယ်။ မိမိနိုင်ငံမှာ တိုင်းတစ်ပါးကျွန်မဖြစ်စေဖို့ သတိနဲ့ အသိရှိကြဖို့ ဆင်ခြင်ကြပါကုန်။ ။
■ Written by: ဒေါက်တာခင်မောင်ညို
